ပြင်ဦးလွင် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်တွင် ပြင်ဦးလွင်ပန်းပွဲတော်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၁၅ ရက်အထိ တစ်လကြာပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ပြင်ဦးလွင်ပန်းပွဲတော်တွင် မြန်မာပြည်ရှိ ဒေသအသီးသီးမှ ပန်းမျိုးစိတ်များ၊ ရှားပါးပြီးအဖိုးတန်သော ပန်းမျိုးစိတ်များ၊ နိုင်ငံတကာမှ နိုင်ငံခြားပန်းမျိုးစိတ်များကိုပါ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်ပန်းပွဲတော်၌ လူသုံးကုန်ပစ္စည်း ဈေးရောင်းပွဲတော်များ၊ ဒေသထွက် စားသောက်ကုန်ပစ္စည်းများနှင့်အဝတ်အထည်များအား ရောင်းချပေးသွားမည်ဖြစ်ကာ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပြင်ဦးလွင်ပန်းပွဲတော်ကို ယခင်က နှစ်စဉ်ကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်တားဆီးရန်အတွက် ၂ နှစ်ကြာရပ်နားခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်