တွံတေးမြို့နယ်တွင် လူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားကွင်း ဖွင့်လှစ်

တွံတေး   စက်တင်ဘာ    ၂၁

ကျေးလက်နေ ပြည်သူလူထု ကျန်းမာကြံခိုင်စေရေးနှင့်အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဖြင့် ရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာအုပ်စု၊ စမ်းရွားကျေးရွာတွင် ကိုယ်လက်လှုပ်ရှား အားကစား ကွင်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက စမ်းရွာကျေးရွာ တွံတေး-ဖျာပုံ ကားလမ်းမကြီး ဘေးရှိ အောင်မင်္ဂလာ သိဒ္ဓိကန်တော်ကြီး ကန်ဘောင်၌ကျင်းပခဲ့ကြောင်းသိရသည်။
အားကစားကွင်းဖွင့်ပွဲတွင် ပြည်သူ့လွှတော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အားကစားကွင်း ဖြစ်ပေါ်လာပုံနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ ကစားကွင်း ရေရှည်တည်တံ့ တိုးတက်ရေး၊ စည်းကမ်းတကျဖြစ်စေရေးနှင့်ရပ်မိရပ်ဖများ ကျေးရွာ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း ကူညီကြရန်ပြောကြားခဲ့သည်။   
ထို့နောက်အားကစားကွင်းတွင် ပြည်သူများအေးချမ်းစွာအပန်းဖြေနိုင်စေရန် အတွက် စတီး လက်တန်းများ၊ စတီးထိုင်ခုံများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသော ကုမ္ပဏီ များနှင့် အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ အားကစား ပစ္စည်းများကို ကျေးရွာပြည်သူတို့၏ တောင်းဆိုမှုအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုမှုကြောင့် ကိုယ်လက် လှုပ်ရှားအားကစားပစ္စည်း(၄)မျိုး (၄)စုံကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)