ကျိုင်းတုံ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်သာထွန်းက ယခုနှစ်မှ စတင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များကို ကြိုးစားသင်ယူကြစေလိုကြောင်းနှင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပြီး ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်သည့် လူတော်၊ လူကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကထိကများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ကာ သင်ကြားပေးမည့် သက်ဆိုင်ရာ ဘာသာရပ်များအကြောင်း မိတ်ဆက်ပြောကြားပြီး ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)