ပူတာအိုဒေသထွက် လမ်ဘ(ခေါ်)တရုတ်ပေးချီ ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့် ဒေသခံပြည်သူများ တစ်ဖက်တစ်လှမ်းဝင်ငွေရရှိ

ပူတာအို နိုဝင်ဘာ ၂၄

 ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသထွက်တန်ဖိုးကြီးမားသည့် ဆေးမြစ်ဆေးဥများဖြစ်သည့် ရှီးပတီ၊ မချစ်ဥနှင့် ခန်းတောက်မြစ်များထွက်ရှိသည့်အပြင် လမ်ဘ(ခေါ်)တရုတ်ပေးချီသည်လည်း တန်ဖိုးကြီးမားသည့် ဆေးဥတစ်မျိုးထွက်ရှိလျက်ရှိရာ ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့် လမ်ဘ(ခေါ်)တရုတ်ပေချီ ရှာဖွေသူဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယင်း လမ်ဘ(ခေါ်)တရုတ်ပေးချီဆေးပင်များသည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၄၀၀၀)အထက်ရှိ သွားလာရန်ခက်ခဲသော တောင်ထိပ်၊ တောင်ကမ်းပါးယံနှင့် ကျောက်ဆောင်နေရာတွင်သာ ပေါက်ရောက်လျက်ရှိပြီး ယခင်နှစ်က လမ်ဘ(ခေါ်)တရုတ်ပေးချီ တစ်ပိဿာလျှင် နှစ်သိန်းမှသုံးသိန်းအထိသာဈေးရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင်(၁၀)သိန်းဝန်းကျင်အထိ ဈေးကောင်းရရှိလာသဖြင့် သွားရောက်ရှာဖွေသူများအားလုံးနီးပါး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် သွားလာရန်ခက်ခဲသည့် ကျောက်ဆောင်ကမ်းပါးယံများတွင်သာပေါက်ရောက်သည့်အတွက် အသက်အန္တရာယ်ရင်ဆိုင်ပြီးရှာဖွေရကြောင်း၊ တစ်ချို့ရှာဖွေသူများက ပိဿာချိန်(၂၀)နှင့်(၃၀)ကြားရရှိသည့်အတွက် သိန်းသုံးရာနှင့်လေးရာကြားရရှိသူများလည်းရှိကြောင်း၊ ရှာဖွေသူတိုင်း တစ်ကြိမ်လျှင် အနည်းဆုံးတစ်ပိဿာခန့်ရရှိကြကြောင်း၊ ရေခဲကျသည့်တောင်တန်းများတွင် ရှာဖွေရသည့်အတွက် မိုးကုန်ဆောင်းမဝင်မီ(ရေခဲမကျမီ) အချိန်ရှာဖွေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ပူတာအိုဒေသထွက် ဆေးမြစ်ဆေးဥဖြစ်သည့် ရှီးပတီး၊ မချစ်ဥ၊ ခန်းတောက်မြစ်များနှင့် လမ်းဘ(ခေါ်) တရုတ်ပေးချီတန်ဖိုးကြီး ဆေးမြစ်ဆေးဥများဖြင့် ဒေသခံဌာနေတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းအတွက် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ အထောက်အကူပြုလျက်ရှိပြီး ယခုကဲ့သို့ သဘာဝအတိုင်းတည်ရှိနေခြင်းသည် ဒေသခံဌာနေတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင်အပေါ် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ယခုကဲ့သို့ထွက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်