ရန်ကင်း နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရန်ကင်း မြို့နယ်ပညာရေးမှူးက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိ ရွှေစင်က လောကတွင်အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲလျက်ရှိသည့် အားလျော်စွာ လူငယ်များဘဝကို တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထုချောက်ကမ်းပါးထဲဆွဲချမည့် အဖျက်အန္တရာယ် မူးယစ်ဆေးဝါးများသည်လည်း လူငယ်ထုလက်ထဲကို ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့သောဆွဲဆောင် မှုအမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ် တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာ ဝန်ပင်ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့် မိမိတို့အပေါ်နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူး ယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးမျိုးဇော်ထွန်းက လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန်၊ စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်နှင့် ပြည် သူလူထုအား ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်ပါ မော်တော်ယာဉ်မောင်းနှင်သူများ၊ ခြေလျင်လျှောက်သူများ၊ လမ်းဖြတ်ကူးသူများ၊ စက်ဘီး၊ ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းများနှင့် ယာဉ်စည်းကမ်းမလိုက်နာသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။
သို့ဖြစ်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်၊ ရန်ကင်းမြို့ နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်နှင့်ဝန်ထမ်းများ၊ အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး မျိုးဇော်ထွန်းနှင့်အဖွဲ့၊ အာကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကင်း အ.ထ.က (၂)မှ ဆရာ/မများ၊ ကျောင်းသား/သူ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)