လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အ.ထ.က (၁) ကျောင်း၌  လူငယ်စကားဝိုင်းကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်စေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်ရည်ရွယ်၍  ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အ.ထ.က (၁) ကျောင်း၊ အေးမြမေတ္တာခန်းမတွင် ကျင်းပသည်။

လူငယ်စကားဝိုင်းကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက အမှာစကား ပြောကြားခြင်း၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မြင့်မြတ်က မုဒိတာစကားပြောကြားခြင်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က အမှာစကားပြောကြားခြင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး ကျောင်းသား မောင်ဟိန်းထက်အောင်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ရဲမင်းဟိန်းက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်စိုင်းသူရိန်၀င်းက လူငယ်နှင့်အားကစား၊ မနှင်းအိလွင်က လူငယ်နှင့်စာပေ၊ မခင်ဇူလှိုင်က လူငယ်နှင့်ပညာရေး၊ မဇူလှိုင်အောင်က လူငယ်နှင့် နည်းပညာအကြောင်းအရာများကို အသိပညာများ ဗဟုသုတရရှိစေရန် ဆွေးနွေးလျက်ရှိသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ဖြေကြားပြီး လူငယ်စကားဝိုင်းတွင် ပါ၀င်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူ (၆) ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်သော ဂုဏ်ပြုလက်ဆောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူမှ ပေးအပ်လျက်ရှိသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက် လျက်ရှိသည်။

ခင်၀င်းမူ(ပြန်/ဆက်)