သီပေါ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က မသန်စွမ်းသူအမျိုးအစားအလိုက် အခွင့်အရေးများတန်းတူရရှိနိုင်စေရန် ဥပဒေများပြဌာန်းထားပါကြောင်း၊ မသန်စွမ်းသူဆိုတဲ့နေရာမှာ မွေးရာပါမသန်စွမ်းခြင်းဖြစ်စေ၊ အရွယ်ရောက်ပြီးမှ ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာသော မသန်စွမ်းခြင်းဖြစ်စေ ဘယ်လိုမသန်စွမ်းမှုအမျိုးအစားပဲဖြစ်ဖြစ် ဥပဒေပါတဲ့အခွင့်အရေးများကို ရရှိခံစားရမှာ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးဥပဒေ၏ရည်ရွယ်ချက်သည် မသန်စွမ်းသူများအား ပိုမိုပြုစုစောင့်ရှောက်နိုင်စေရန်၊ နိုင်ငံသားတိုင်းရရှိသည့်အခွင့်အရေးများအတိုင်း မသန်စွမ်းသူများလည်း လွတ်လပ်စွာရရှိနိုင်စေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်အသီးသီးတွင်လည်း အခြားသူများနည်းတူ နေထိုင်ခွင့် ပေါင်းစည်းသွားခွင့်များကိုရရှိစေရန် ရည်ရွယ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်၊ စွမ်းဆောင်နိုင်မှုများကို အသိအမှတ် ပြုကြရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ဘဝလုံခြုံမှုများ၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများလျော့နည်းပပျောက်အောင် ဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဥပဒေများပြဌာန်းထားခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသောအမျိုးသမီးများ၊ မိဘမဲ့ကလေးငယ်များ၊ ခိုကိုးရာမဲ့ကလေးများအားကာကွယ်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနကဖွင့်လှစ်ထားသော ကျောင်းများတွင်အပ်နှံပြီး ဘဝတစ်သက်တာ အသက်မွေးဝမ်းကျောင်းနည်းလမ်းကောင်းများကို သင်ယူစေခြင်းအားဖြင့် မသန်စွမ်းမှုအမျိုးအစားများကို လျှော့ချစေနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်လေး