ဥတ္တရသီရိမြို့နယ်တွင် သီးထပ်စွမ်းအားမြင့်မားရေး အတွက်ဆောင်းသီးနှံ၊နွေသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဥတ္တရသီရိ  နိုဝင်ဘာ ၂၄

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်တွင် သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဆောင်းသီးနှံ၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မောင်းရမ်းကျေးရွာအုပ်စု၊ တောင်သူအသိပညာပေးစင်တာ (KC) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးနိုင်က သီးနှံစိုက်စွမ်း အားမြင့်မားရေးအတွက် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ဖြည့်စွက်ဆွေး နွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရဲမြတ် သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ ဥတ္တရခရိုင် စိုက် ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဦးထိန်လင်းဟန်တို့က နေကြာမျိုးစေ့နှင့် ပိုက်စံလျှော်မျိုးစေ့(၁၀)ဧကအတွက် တောင်သူများအား မျိုးစေ့များပေးအပ်ခဲ့ကြကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးထိန်လင်းဟန်က နိဂချုပ် အမှာစကားပြောကြားသည်။

 အစည်းအဝေးသို့  ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထိန်လင်း၊  နေပြည်တော် ဆည်မြောင်းဦးစီးဌာန (ထိန်းသိမ်းရေး) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဒေသခံတောင်သူ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)