လွိုင်လင်မြို့တွင် ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

လွိုင်လင်  နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အားကစားကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အားကျင်းပပြုလုပ်ရာ တက်ရောက်လာကြသူများမှ နိုင်ငံတော် အလံအားအလေးပြုကြပြီး အားကစားသမားများမှ အားကစားအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများမှ ဘင်ခရာတပ်ဖွဲ့၊ပန်းပွါးအဖွဲ့၊မူလတန်းအဆင့် မြန်မာ့သိုင်းအဖွဲ့၊ ကာယအဖွဲ့၊Fitness Danceအဖွဲ့၊ထာဝရသစ္စာသီချင်းဖြင့် တေးသရုပ်ဖော်အကအဖွဲ့များမှ သရုပ်ပြဖျော်ဖြေပေး ခဲ့ကြပြီးနောက် ကွင်းဖွင့်ပွဲအနေဖြင့် အနော်ရထာအသင်းနှင့် ဗန္ဓုလ အသင်းတို့ မဲကျယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲအား အုပ်စု(၅)စုဖွဲ့ကာ အလယ်တန်းအဆင့်ပြိုင်ပွဲနှင့် မူလတန်းအဆင့်ပြိုင်ပွဲ (၂)ခုခွဲကာ နိုဝင်ဘာ၂၄ ရက်နေ့မှစတင်ကာ နံနက်ပိုင်း အလယ်တန်းအဆင့် ၁ ပွဲ၊ ညနေပိုင်းမူလတန်းအဆင့် ၁ ပွဲ တစ်ရက်လျှင် ၂ ပွဲ ဖြင့်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အားကစားဆပ်ကော်မတီ ထံမှသိရသည်။

အယ်မင်း(လွိုင်လင်)