ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူ (Primary Contacts) (၆၆)ဦးတို့၏ နှာခေါင်းတို့ဖက်နှင့် အာခေါင်တို့ဖက်(Swab) များကို စက်တင်ဘာလ(၂၀)ရက်နေ့က ရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) သို့ပေးပို့ထားကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
“ဒီနေ့ကျတော့ ထန်းတပင်ပြည်သူ့ဆေးရုံက အသွားအလာကန့်သတ်ထားသူ (၆)ဦး နဲ့ အ.ထ.က (ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း (Community Based Quarantine Centre )မှာ အသွား အလာကန့်သတ်ထားသူ(၆၀)ဦးတို့ရဲ့ နှာခေါင်းတို့ဖက်နှင့်အာခေါင်တို့ဖက် (Swab) တွေကိုယူပြီးတော့ ဒီနေ့ပဲ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) ပို့လိုက်ပါပြီ။ စက်တင်ဘာလ (၂၁)ရက် နေ့ကြရင် ကျန်တဲ့ Quarantine Centre (၂)ခုက အသွားအလာ ကန့်သတ်ထားတဲ့သူ (၅၉)ဦးရဲ့ Swab တွေကိုရယူပြီး ဆက်လက် စစ်ဆေးဖို့ အတွက် ထပ်မံပေးပို့သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်နွဲ့နွဲ့က ရှင်းပြသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေး ကြိုတင်ကာကွယ် သည့်အနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များအား အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ ရိုးခွကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ရွာသစ်ကျေးရွာအခြေခံပညာအလယ်ကျောင်း(ခွဲ) (Community Based Quarantine Centre) တို့တွင် သီးခြားထားကာ အသွားအလာ ကန့်သတ်မှု များကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)