ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

ကျိုင်းတုံ    နိုဝင်ဘာ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူးအောင်ကျော်ဇင်က လူကုန်ကူး/လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချရသော ပြောင်းရွှေ့သွားလာမှုဆိုင်ရာများ၊ လူကုန်ကူးမှုခံရနိုင်သည့်အခြေအနေများနှင့် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များ၊ ဉပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ဒေသခံ ကျေးရွာနေ တိုင်ရင်းသား ပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ) တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)