မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်

ကျောက်မဲ    စက်တင်ဘာ  ၂၁

  မြန်မာနိုင်ငံအတွင်း လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ များပြား လာသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်ကစ၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် အချက်အခြာကျသည့် ဦးအာသားဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းမကြီးတွင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

  မိုင်းလုံမြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိပြီး မြို့တွင်းသို့ဝင်ရောက် လာမည့် ခရီးသည်များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကိုရေးမှတ်ခြင်း၊  Mask များစနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း၊ လက်များကိုစနစ်တကျဆေးစေခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့်ဒေသနှင့် ပြည်ပနိုင်ငံမှ ပြန်လာသူများကို     Facility Quarantine တွင်ထားရှိသွားမည်ဖြစ်သည်။

 အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်နံနက် (၈)နာရီမှ ညနေ(၅)နာရီထိ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေး၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှု‌ရေးအသင်းအဖွဲ့များက အလှည့်ကျစနစ်ဖြင့်ပါဝင်ကူညီ‌ ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)