ပဲခူး စက်တင်ဘာ ၂၁
ပဲခူးမြို့ ချမ်းမြေ့ဇေယျာဓမ္မစကူးလ်အဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု အလှူရှင်များစုပေါင်းလှူဒါန်းမှု့ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကိုဗစ်-၁၉ ကာလ ပဲခူးမြို့အတွင်း ဆွမ်းဆန်အလှူခံ ရပ်နား ထားသော သီလရှင်စာသင်တိုက်များသို့ အခြေခံစားကုန်များ သွားရောက် လှူဒါန်း ပေးကြကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင်များသည် ဟံသာဝတီရပ်ကွက်အတွင်းရှိ တေသာတိကာရာမ သီလရှင် စာသင်တိုက်သို့သွားရောက်ပြီး အဆိုပါသီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေထိုင်သည့် သီလရှင် ဆရာကြီး၊ ဆရာလေး(၄၉)ပါးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ အချိုမှုန့်၊ ခေါက်ဆွဲထုပ်နှင့် ကြာဇံထုပ်များအား လှူဒါန်းပေးခဲ့ကြသည်။
ထို့နောက် အလှူရှင်အဖွဲ့သည် မဲခုံကျေးရွာအုပ်စု၊ မဲခုံကျေးရွာရှိ နဝရတ်တော်ဝင် သီလရှင် စာသင်တိုက်မှ သီလရှင်ဆရာကြီး ဆရာလေး(၅၃)ပါး၊ ဥဿာမြို့သစ်(၂)ရပ်ကွက်ရှိ ဓမ္မစေတီ သီရိမင်္ဂလာသီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသည့် သီလရှင်ဆရာကြီး ဆရာလေး (၇၆)ပါးနှင့် ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ သီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသည့် သီလရှင် ဆရာကြီး ဆရာလေး (၂၈)ပါးတို့ ကိုဗစ်-၁၉ ကာလ ဆွမ်းနှင့် ဆွမ်းဟင်းအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ အချိုမှုန့်၊ ခေါက်ဆွဲထုပ်နှင့် ကြာဇံထုပ်များအား လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)