မိုင်းယောင်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စပါးသိမ်းပြီးချိန် ပွင့်လင်းရာသီအလုပ်နားသည့် အချိန်အခါဖြစ်သောကြောင့် ယမန်နေ့က နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်းသို့ အပန်းဖြေသူများသွားရောက်မှု ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရသည်။
အလုပ်နားချိန်ကာလအတွင်း မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ အခြားအပန်းဖြေဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်အနားယူနိုင်ခွင့်ရ၍ ပျော်ရွှင်နေကြသလို ဒေသခံများမှာလည်း စပါးပေါ်ချိန်ရောင်းရေးဝယ်တာများ ကောင်းမွန်ခြင်းကြောင့် ဝမ်းသာပျော်ရွှင်လျက်ရှိသည်။
နမ့်ယောင်းချောင်း သံသောင်ကမ်းခြေနှင့် နမ့်ခပ်ချောင်းသည် ဒွန်တွဲလျက်ရှိပြီး တစ်ဆက်တစ်စပ်တည်း နမ့်ကွတ်ချောင်း၊ နမ့်ပုန်းချောင်းသို့ပါ ဧည့်သည်များ တစ်ဖွဲဖွဲဆင်းလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါချောင်းများသို့ လာရောက်သူများမှာ လေကောင်းလေသန့်လေညင်းခံကာ ချောင်းငါးများ ချက်ပြုတ်စားခြင်း၊ ရေစိမ်ချိုးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရေကူးခြင်းနှင့် အေးချမ်းသာယာသော သဘာဝတောတောင်ရှုခင်းအလှအပများအား လေ့လာကြခြင်းဖြင့် အလုပ်နားချိန်ရက်များကို အကျိုးရှိရှိ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေကြကြောင်း တွေ့ရှိရသည်။
စိုင်းအောင်ဇော်လင်း