မိုင်းယောင်းမြို့နယ် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ နေ့စဉ်စစ်ဆေး ဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ ကို စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့မှ နေ့အလိုက် တာဝန်ကျအဖွဲ့သည် မိုင်းယောင်း-မိုင်းဖြတ် သွားလမ်းပေါ်ရှိ မိုင်းယောင်းမြို့အဝင် မုန်းလိုက်တံတား စစ်ဆေးရေး ဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ ဆိုင်ကယ်များပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် ဝင်/ထွက်သွားလာသော ပြည်သူတစ်ဦးချင်းကို Non-contact  Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် အကြောင်းအရာများ ရေးမှတ်ခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးအတွက် နေ့စဉ် ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာရေးအတွက် (Mask)တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့က Mask Campaign ပြုလုပ်ပြီး မတပ်ထားသူများအား ဒဏ်ပေးသည့်အနေဖြင့် ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်း၊ ညပိုင်းစားသောက်ဆိုင်များစစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့နှင့် နေ့လယ်ပိုင်းဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များစစ်ဆေးမှုကြီးကြပ်အဖွဲ့များ ဖွဲ့စည်းထားပြီး စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ နှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)