အလုံ နိုဝင်ဘာလ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျောင်းသား၊ လူငယ်များ၊ ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့်အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့်ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်အတွက်ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးနောက် စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ (Book Club) အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်မှ စာရေးဆရာ မခင်နု(ဒသာန) ရေးသားသည့် ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသား စာအုပ်ပါအကြောင်းအရာများကို အသိပညာဗဟုသုတရဖွယ် ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ (Book Club) အဖွဲ့ဝင်စာရေးဆရာ မောင်မောင်(လျှပ်စစ်)မှ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် တက်ရောက်သူများ ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြောင်းသိရပြီး အဆိုပါစာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြောင်း သိရသည်။
တင်တင်ချို