ဒလမြို့နယ်ရှိ သင်္ဘောဆိပ်ကမ်းနှင့် မြစ်ချောင်းဘေး ရပ်ကွက်များအတွင်း မိုးရွာသွန်းမှုနှင့်အတူ မြစ်ရေဝင်ရောက်မှုဖြစ်ပွား

ရန်ကုန် စက်တင်ဘာ ၂၁


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ် ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း နို(လ်) သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်သော်လည်း လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယနေ့ရက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးလျက်ရှိပြီး မြစ်ချောင်းဘေး နေထိုင်ကြသော နေရာများတွင် မိုးရွာသွန်းမှုနှင့်အတူ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိရာ ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းနှင့် မြစ်ချောင်းဘေး မြေနိမ့်ပိုင်း နေထိုင်ကြသော ရပ်ကွက်များရှိ နေအိမ်များအတွင်း ဒီရေနှင့်အတူ မြစ်ရေဝင်ရောက်မှု အနည်းငယ် ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
မြို့မ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က “ နံနက်အစောပိုင်းက စပြီး ရေတက်လာတာ၊ ရပ်ကွက်ထဲက လမ်းမကြီးပေါ် ၁ ပေခွဲကျော် လောက်တော့ တက်သွားတယ်၊ နာရီဝက် ကျော်လောက်မှာ ရေပြန်ကျသွားတယ်၊ ဘာမှ စိုးရိမ်စရာတော့ မရှိပါဘူး၊ နေအိမ် အနည်းငယ်တော့ မြစ်ရေဝင်ရောက်တာတော့ဖြစ်သွားတယ် ” ဟု ပြောကြားခဲ့ သည်။
ဒလမြို့နယ်၌ ဒီရေတက်ချိန်နှင့်အတူ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့်    မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်နှင့် သမ္မတ ကမ်းခြေရပ်ကွက် တို့တွင် မြစ်ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျသွားကြောင်းသိရသည်။
ထိုအတူ အံ့ကြီးအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင် က “ အစ်ကိုတို့ ရပ်ကွက်က နေအိမ် တော်တာ်များများ ရေပြည့်ရေလျှံသွားတယ်၊ လမ်းအကုန်လုံးနီးပါး ရေကျော်သွားတယ် ” ဟု ပြောသည်။
ယခင်နှစ်များက ဝါဆို၊ ဝါခေါင်လများအတွင်း ထူးကဲဒီရေဝင်ရောက်ခြင်းကြောင့် ရေပြည့် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဒီရေဝင်ရောက်မှုများရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါထပ်သည့် ကာလ ဖြစ်သော်လည်း ဝါဆို၊ ဝါခေါင်လများအတွင်း ထူးကဲဒီရေ ဝင်ရောက်မှု နည်းပါးခဲ့ရာ ယနေ့ရက်ပိုင်းတွင် ဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် မိုးရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)