ကျိုက်ထို နိုဝင်ဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက် ဝန်ဆောင်မှု ဆင့်ပွားသင်တန်းကို ဖွင်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်ဦးစီးအရာရှိက ဝန်ထမ်းများအား ပြည်သူများအတွက် အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်မည့် စာကြည့်တိုက်မှူးကောင်းများဖြစ်ရေး၊ ဌာနမှဆောင်ရွက်နေသည့် အွန်လိုင်းမှတစ်ဆင့် ပြည်သူအသိပညာပေး လုပ်ငန်းများကို ပြည်သူများ စိတ်ဝင်စားမှုရှိအောင် စနစ်တကျ တင်ဆက်နိုင်ရေး၊ စာကြည့်တိုက်များအား အသွင်သဏ္ဍန်နှင့် အနှစ်သာရ ပြည့်ဝနေအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရေး၊ စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ပြည်သူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်းဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ရေး၊ ကလေးစာဖတ်ခန်းများကို ကလေးများ အပြည့်အဝ အသုံးချနိုင်ရေးစသည့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများတို့ကို ဆွေးနွေး သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျိုက်ထိုမြို့နယ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)