ရန်ကင်း နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် စာဆိုတော်နေ့ အထိမ်းအမှတ် Online Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က စာဆိုတော်ဆိုသည်မှာ ဘုရင်ခေတ်က တွင်ကျယ်ခဲ့တဲ့ ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်ပြီး၊ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသား၊ ဘုရင့်သားတော်၊ သမီးတော်တို့ ဘုန်းတန်ခိုး ကြီးမားပုံ၊ လက်ရုံးရည်၊ နှလုံးရည် ထူးချွန်ပုံတို့ကို ချီးကျူး ဖွဲ့ဆိုသူတွေကို စာဆိုတော်လို့ ခေါ်ဝေါ်ခဲ့ကြကြောင်း၊ ယခုခေတ် စာဆိုတော် ဝေါဟာရမှာ ပြည်သူ့စာပေလုပ်သား၊ စာရေးဆရာအားလုံးနဲ့ သက်ဆိုင်သောကြောင့် စာရေးဆရာများကို စာဆိုတော်လို့ ခေါ်ဆိုခဲ့ကြကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး၏ ဦးဆောင်မှုဖြင့် စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလာခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် စာဆိုတော်နေ့အခမ်းအနား၌ စာပေဗိမာန်ဆု၊ အမျိုးသား စာပေဆုရ ထူးချွန်သည့် စာပေပညာရှင်များကို ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့်အတူ သက်ကြီး စာပေပညာရှင်များအား ပူဇော်ကန်တော့ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်း စာပေဟောပြောပွဲများကိုလည်း မြို့ရွာအနှံ့ ကျင်းပကာ ရှေးအခါကတည်းက ရှိနေခဲ့သော မြန်မာ့ဓလေ့ အစဥ်အလာကောင်းများကို ထိန်းသိမ်း ဖော်ထုတ်လျက်ရှိသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကာ အသိပညာပေး Talk Show ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
အိရွှေစင်(ပြန်/ဆက်)