မူဆယ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ရွှေသမင်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းနှစ်သစ်ကူးဆွမ်းကပ်၊ တရားနာမင်္ဂလာပွဲနှင့် ကောက်သစ်စားပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
အဆိုပါ တရားနာဆွမ်းကပ်ရာတွင် ကြွရောက်လာသော ရှမ်းတရားနာပရိတ်သတ်များနှင့် အခြားဧည့်သည်တော် တရားနာပရိတ်သတ်များက သံဃာတော်အရှင်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သင်္ကန်းကပ်လှူခြင်းများ ဖြင့် တရားနာယူခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားတွင် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလောဝ်လှိုဝ်းက ယခုလိုရှမ်းနှစ်သစ်ကူးကျင်းပနိုင်ရန်အတွက် နောင်နှစ်များတွင်လည်း ဒီထက်မက ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးကလည်း ယခုလို မူဆယ်မှာ အေးအေးချမ်းချမ်း ကျင်းပပြုလုပ်နိုင်သည့် ရှမ်းနှစ်သစ်ကူးအတွက် ဝမ်းသာပါကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းကောက်သစ်စားပွဲအခမ်းအနားကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ၊ မူဆယ်မြို့ခံရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)