ပြင်ဦးလွင် နိုဝင်ဘာ ၂၃
မဲခေါင် - လန်ချန်းအထူးရန်ပုံငွေဖြင့် မက္ကဒေးမီးယား စိုက်ပျိုးခြင်းဆိုင်ရာ ( TOT ) သင်တန်းကို နိုဝင်ဘာ ၂၁ ရက် ၊ နံနက် ( ၉:၀၀ ) နာရီက ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၁၈ ) ရှိ မြန်မာ - ခါနန် တောင်သူလယ်သမားနည်းပညာ ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဉီးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဦးဇော်ထွန်းမြင့်က အဖွင့်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ ၊ ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းထွေးမှ မက္ကဒေးမီးယား စိုက်ပျိုးခြင်းဆိုင်ရာ (TOT) သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့၍ လုပ်ငန်းသုံးပစ္စည်းများကို တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး မက္ကဒေးမီးယား စိုက်ပျိုးခြင်းဆိုင်ရာ ( TOT ) သင်တန်းကို ( ၂၁ - ၁၁ - ၂၀၂၂ ) ရက်နေ့မှ (၂၅ - ၁၁ - ၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ ( ၅ ) ရက်ဖြင့် နံနက် ( ၀၉:၀၀ )နာရီမှ ညနေ ( ၀၄:၀၀ ) နာရီအထိ သင်တန်းနည်းပြဆရာများမှ ပျိုးပင် စနစ်တကျ ထုတ်လုပ်ရန် ပြင်ဆင်ခြင်း၊ ပျိုးခင်းမြေနေရာ ရွေးချယ်ခြင်း၊ အစို့ဖောက် မျိုးစေ့ရွေးချယ်ခြင်းနှင့် ပျိုးထောင်ခြင်းအဆင့်ဆင့် ၊ ပျိုးပင်များပြုစုထိန်းသိမ်းခြင်း ၊ မက္ကဒေးမီးယားစိုက်ခင်းကြား ပျားမွေးမြူခြင်း ၊ မက္ကဒေးမီးယားပျိုးခင်း အတွင်း ပိုးပွှားရောဂါကာကွယ်ခြင်း၊ မက္ကဒေးမီးယားစိုက်ခင်းအား မြေဩဇာစနစ်တကျကျွေးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း၊ နောင်ချိုစီမံကိန်း ဧရိယာအတွင်းရှိ စက်ရုံများသို့ ကွင်းဆင်းလေ့လာခြင်း၊ အသီးခူးခြံများသို့ ကွင်းဆင်းလေ့လာခြင်း ၊ မက္ကဒေးမီးယားစိုက်ခင်းအား ပြုစုထိန်းသိမ်းခြင်း၊ အစေ့စိုက်ပင်နှင့် ကိုင်းကူးပင်များ စိုက်ပျိုးခြင်းနှင့် စနစ်တကျ ရိတ်သိမ်းသိုလှောင်ခြင်းနှင့် ကုန်ချောထုတ်လုပ်ခြင်း အဆင့်ဆင့် စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ကချင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။
ခရိုင် ( ပြန် / ဆက် )