မိုင်းပန်မြို့နယ်၌ ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းအမျိုးသား‌နေ့ နှစ်သစ်ကူးပွဲတော် စည်ကားစွာ ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ‌ရှမ်းလူငယ်မောင်မယ်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းအမျိုးသားနေ့နှစ်သစ်ကူးပွဲတော်အခမ်းအနားကို နောင်လုံကျေးရွာ၊ နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်ကစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းအမျိုးသားအလံတင်သီချင်းကို သီဆို၍ ပွဲဖြစ်မြောက်ရေး သဘာပတိ ဦးလုံးစိန္တာ၊ မြို့နယ်သံဃာတော်များကိုယ်စား အရှင်ကောဝိဒါစာရ၊ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးတင်မင်းလတ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းပီးတို့မှ မိန့်ခွန်းစကား ပြောကြားပြီး ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်နယ်တပ်မတော်ဥက္ကဋ္ဌ စဝ်ရွက်စစ်မှ ပေးပို့လာသော ရှမ်းနှစ်သစ်ကူးနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်ပြည်သူ့ဆက်ဆံရေးရုံး ဗိုလ်မှူးတိလ ကဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ညနေအချိန်တွင် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ရှမ်းရိုးရာအကများဖြင့် ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)