သိန္နီမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

သိန္နီ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့မဈေးကြီးတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးညီညီမောင်၊ မြသင်းကြူကုမ္မဏီလီမိတက်မှ တာဝန်ခံဦးမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် ဈေးရောင်းသူ၊ ဝယ်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ မီးသတ်ဆေးဗူး ထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ လျှပ်စစ်မီးသည် သုံးတတ်လျှင် အကျိုးရှိ၍ အသုံးမပြုတတ်ပါက အန္တရာယ်ကြီးမားကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် လိုက်နာရ မည့်ဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ၊ ဝယ်သူများအား မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက  မီးသတ်ဆေးဗူးအား စနစ်တကျ အသုံးပြုတတ်စေရေးအတွက် လက်တွေ့ဆောင်ရွက်စေခြင်း၊ မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)