မိုင်းလုံမြို့တွင် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းနှစ်သစ်ကူးနေ့ကို ကြိုဆိုခြင်းအခမ်းအနား ဆောင်ရွက်

မိုင်းလုံ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ရှမ်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျ‌ရောက်မည့် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့အခမ်းအနားကို ယမန်နေ့က ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမရှေ့ရှိ ကွင်းပြင်တွင် ‌စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦး‌သောင်းထွဋ်လင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ထို့နောက် တက်ရောက်လာသည့်  ရပ်မိရပ်ဖများ၊ မိဘပြည်သူများနှင့် ရှမ်းလူငယ်မောင်မယ်များက ရှမ်းအိုးစည်အကများ၊ ရှမ်းသီချင်းများဖြင့် ည(၁၁)နာရီခွဲအချိန် တွင် တက်ညီလက်ညီ ပျော်ရွင်စွာ ဆင်နွှဲခဲ့ပြီး‌နောက် ည(၁၂)နာရီတိတိတွင် ရှမ်းအလံကိုလွင့်တင်၍ အလေးပြုကာ နှစ်သစ်ကိုကြိုဆိုခဲ့သည်။

နတ်တော်လဆန်း ၁ ရက်နေ့သည် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိသည့် နေ့ဖြစ်သည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်းဟုခေါ်သည်။ ရှေးက ဤနှစ်သစ်ကူး အခါသမယကျရောက်တိုင်း ပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များ ချီးမြှင့်ခြင်း၊ စာပေ၊ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီး ရွယ်အိုများအား ဂါရဝပြုခြင်း အစဉ်အလာများ ရှိခဲ့ရာ ယခုနှစ်တွင်လည်း ရှမ်းပြည်သူများက ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြောင်းသိရသည်။

မြို့နယ်