မိုင်းဆတ် နိုဝင်ဘာ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း လက်တွေ့သရုပ်ပြသခြင်း ကိုယမန်နေ့နံနက်(၉)နာရီက အ.ထ.က(ခွဲ)(လ-၂)ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း မဆောင်ရွက်မီ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက ငလျင်လှုပ်ခတ်ပါက ဆောင်ရွက်ရမည့် အချက်အလက် များနှင့် လက်တွေ့သရုပ်ပြသခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ငလျင်လှုပ်ခတ်ကြောင်းကြေငြာသည်နှင့်တစ်ပြိုင်နက် စာသင်ခန်းအတွင်း သင်ခန်းစာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့က ပုန်းခိုရန်နေရာသို့ သွားရောက်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက စာသင်ခန်းအတွင်းပိတ်မိနေသော ကျောင်းသား၊ ကျောင်းသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးသူနာပြုစု နည်းဖြင့် ကုသခြင်း စသည်တို့ကို လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)