တောင်ဥက္ကလာပ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းသား၊ လူငယ်များကျန်းမာကြံ့ခိုင်၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားရမည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိ ပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကိုအသုံးချရကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားကဆောင်ရွက်ပေးခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကိုလေ့ကျင့်အသုံးချစေရန် အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်မှ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေစီမှ လက်ခံရယူခဲ့ပြီး လူငယ်သိုင်းအဖွဲ့များမှ မြန်မာ့ရိုးရာသိုင်း၊ ဗန်တို၊ ဗန်ရှည်၊ ကိုယ်ခံပညာရပ်များနှင့် ကျောင်းသူများ၏ Fitness Dance အားကစားနည်းများကို လက်တွေ့သရုပ်ပြတင်ဆက်ခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်တို့က သရုပ်ပြလူငယ်များအား ဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)