မိုးမိတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အာသံကျေးရွာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သော ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ တံတားများနှင့် ဆည်မြောင်းများပြုပြင် ဆောင်ရွက်ရသည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေး အသိပညာပေးဟောပြောခြင်းများ၊ နယ်မြေဒေသအေးချမ်းသာယာရေး နှင့်တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ် များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း များဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာအကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးတို့အတွက် ဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)