မလှိုင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ပေါ်ရုံးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် “ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေး” ဟူသော မျှော်မှန်းချက်နှင့်အတူ တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများသည် ပြည်သူလူထုနှင့်ထိတွေ့၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းတို့အပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို အသိအမှတ်ပြု ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးတို့က အမျိုးသားဝန်ထမ်း (၆၃) ဦးတို့အားလည်းကောင်း၊ ဒုတိယဦးစီးမှူးများဖြစ်ကြသော ဒေါ်သီတာအေးနှင့် ဒေါ်ယဉ်မင်းထက်တို့က အမျိုးသမီးစာရေးဝန်ထမ်း (၂၂) ဦးတို့အား လည်းကောင်း တူညီဝတ်စုံများ တစ်ဦးချင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါနေ့က မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း (၂) ဦး၊ အမှုထမ်း (၈၃) ဦးတို့အား စုစုပေါင်းတန်ဘိုးငွေ (၁၁၈၀၀၀၀) ကျပ်ရှိ တူညီဝတ်စုံ များ ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)