ပေါက်တောမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်တော နိုဝင်ဘာ ၂၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပေါက်တောမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်က လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူ ကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို မှန်ကန်စွာ စိစစ်ရွေးချယ် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ နှင့် ဆရာ၊ ဆရာမများက အသီးသီးဆွေးနွေးပေးကြသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းတို့ကို နိုဝင်ဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ ၁၀ ဦး၊ ဒသမတန်းတွင် ကျောင်းသား ကျောင်းသူ ၁၂ ဦး နှင့် ဧကာဒသမတန်းတွင် ကျောင်းသား ကျောင်းသူ ၁၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်က ပြောကြားသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)