မလှိုင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ဖိုကန်ကျေးရွာအုပ်စု၊ ကျင်းရွာကျေးရွာ ဒေသခံပြည်သူများ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသခံ ပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူများအတွက် အမှန်တကယ်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ (၄) ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် ဆည်ကန် ပြုပြင်ရေး (၁)ခု၊ လမ်းရရှိရေးကဏ္ဍ(၃)ခု၊ ပညာရေးကဏ္ဍ(၁)ခု၊ ကျန်းမာရေးကဏ္ဍ(၁)ခု၊ မြစိမ်းရောင် ချေးငွေရရှိရေးကဏ္ဍ(၃)ခု၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်လုပ်ငန်း (၁ဝ) ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး) မှ နိုင်ငံသားစိစစ်ရေးကတ်အသစ်(၁၀)ခု ဆောင်ရွက်ပေးခဲ့ပြီး ကာယကံရှင်များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်၊ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူ ပြည်သူလူထု (၈၀၀) ဦးအနက် (၆၁၀) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)