မြောက်ဦး နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူးအသင်းမှ ကြီးမှူးကျင်းပသော (၆) ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခမီတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ခမီရိုးရာအကဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဗဟို ဥက္ကဋ္ဌ ဦးစိန်လှကျော်မှ နှစ်သစ်ကူးမင်္ဂလာ စကားလက်ဆောင်၊ ခမီတိုင်းရင်းသားလူမျိုးပေါ်ပေါက်လာပုံနှင့် နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ မြောက်ဦးမြို့ရှေးဟောင်းချစ်သူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းမှလည်း လူမျိုးတစ်မျိုးစတင်ပေါ်ပေါက်လာပုံအကြောင်းနှင့် ခမီနှစ်သစ်ကူးမင်္ဂလာစကားလက်ဆောင်များ ပြောကြားခဲ့ပြီး ရခိုင့်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျော်ဖေတင်မှလည်း နှစ်သစ်ကူး မင်္ဂလာမိန့်ခွန်းစကားများ ပြောကြားခဲ့ပြီးနောက် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှရခိုင်ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့၍ သက်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှလည်း သက်ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် သက်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးမောင်ထွန်းသိန်း မှလည်း နှစ်သစ်မင်္ဂလာစကားလက်ဆောင် ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ (၆) ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပနိုင်ရန် ထောက်ပံ့ငွေ သိန်း(၃၀)အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့(ကိုယ်စား) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူး ဦးတင်ရွှေ မှပေးအပ်၍ ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်က ထောက်ပံ့ငွေအား လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေခဲ့ကြသော ခမီတိုင်းရင်းယဉ်ကျေးမှုအဖွဲ့၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့နှင့် သက်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့ကို ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်မှ ဆုငွေများချီးမြှောက်ပေးအပ်ခဲ့ပြီးနောက် ခမီတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဒု-ဥက္ကဋ္ဌ ဦးဝေစိန်အောင်မှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်း အနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)