မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

မိုင်းတုံ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ဝမ်မိုင်ကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကိုလည်ကောင်း၊ စည်းရုံးရေးစစ်ကြောင်းမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်စီမံချက်နှင့် ပတ်သက်သည့်အကြောင်းအရာများကိုလည်းကောင်း စစ်ကြောင်းကြီး ၅ ကြောင်း လာရောက်တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့  အချိန်မီသတင်းပေးပို့ရန် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆွေးနွေးပြောကြားခဲ့ကြသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ရန် ကျန်ရှိသောကျေးရွာအုပ်စုများသို့  အပတ်စဉ်အင်္ဂါနေ့တိုင်းတွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)