ပြင်ဦးလွင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)ရှိ ရွာသစ်တပ်ဦး ကျောင်းတိုက်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနှင့် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်း တို့က စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ ယခုကဲ့သို့တွေ့ဆုံပွဲကျင်းပ၍ ရပ်ရွာ အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ပေးမည့် အစီအမံများအား အသီးသီး ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ရာ တာ ဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။ ယင်းနောက် ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရွာသစ်တပ်ဦးကျောင်းတိုက် ဆရာတော်ဦးသုန္ဒရထံသို့ သွားရောက်ဖူးမျှော်ကာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းကြီး (၅) ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၇)မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/ အလျှော့ပြင်ဆင်ခြင်းတို့ကို မွန်းလွဲ (၂) နာရီအထိ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကြီး (၇) မှ ပြည်သူများစုစုပေါင်း (၂၇၀) ဦးခန့်တို့သည် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည် းကမ်းချက်များနှင့် အညီ စနစ်တကျ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)