သန်လျင်၌ သတင်းရေးသားရိုက်ကူးခြင်းသင်တန်းဖွင့်လှစ်

သန်လျင်   နိုဝင်ဘာ  ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အချိန်နှင့်အမျှတိုးတက်ပြောင်းလဲနေသော နည်းပညာခေတ်တွင် သတင်း၊ သတင်းဓာတ်ပုံရေးသားရိုက်ကူးခြင်းအတတ်ပညာသည် အရေးပါသည့်အခန်းကဏ္ဍဖြစ်ကြောင်း သတင်းတု၊ သတင်းမှားများအား တုန့်ပြန်ချေဖျက်နိုင်မည့် သတင်းမှန်များ အချိန်မီရေးသားရိုက်ကူးနိုင်မှသာ ပြည်သူများ သတင်းမှန်များ ဝေဖန်ပိုင်းခြားသိရှိနိုင်မည်ဖြစ်၍ တက်ရောက်လာသော မြို့နယ်အသီးသီးမှ ဓာတ်ပုံကျွမ်းကျင်(၂)ဝန်ထမ်းများ၊ သတင်းတာဝန်ယူဆောင်ရွက်လျက်ရှိသည့်ဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပသော သတင်းရေးသားရိုက်ကူးခြင်းသင်တန်းဖွင့်ပွဲတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက သင်တန်းဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းရေးသားရိုက်ကူးခြင်းသင်တန်းတွင် သတင်းနှင့်ဓာတ်ပုံပညာရှင် ဦးစိုးမင်း(ရန်ကင်း-စိုးမင်း)က အခြေခံသတင်းရေးသားနည်း၊ သတင်းဓာတ်ပုံရိုက်ကူးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကင်မရာအသုံးပြုပုံနည်းစနစ်၊ အွန်လိုင်းမှသတင်းပေးပို့ခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ အင်တာဗျုးသတင်းလိုက်ပုံစသည့် သတင်းဓာတ်ပုံအတတ်ပညာများကို ၄င်းဖြတ်သန်းခဲ့သော ပြည်တွင်း/ပြည်ပ အတွေ့အကြုံများနှင့်ယှဉ်ကာ ပရိုဂျက်တာဖြင့် နှစ်ရက်ကြာ ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသတင်းဓာတ်ပုံ ရေးသားရိုက်ကူးခြင်းသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ဓာတ်ပုံကျွမ်းကျင်(၂)ဝန်ထမ်းများ၊ မြေပြင်သတင်းလက်တွေ့ရယူပေးပို့လျက်ရှိသောဝန်ထမ်းများ စုစုပေါင်းသင်တန်းသား သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ပြီး (၂)ရက်ကြာဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)