ကျောက်ဖြူ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိနေသူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၈၆၈၀၉) ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၇၆၄၉၇) ဦး၊ တတိယအကြိမ် ထိုးနှံပြီးသူ (၃၁၁၆၅) ဦး၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူ(၁၃၉၆)ဦးအထိ ရှိပြီဖြစ်ကာ ဆေးထိုးရန် ကျန်ရှိနေသေးသူများကိုလည်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း