နေပြည်တော် နိုဝင်ဘာ ၂၂
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှစေတီတော် ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော် သာသနာရေးသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။
ဆက်လက်၍ နေပြည်တော် သာသနာရေးသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ကျွန်းတက်ပဲ့ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ခေမာစာရ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာလ (၁၈)ရက်နေ့မှ ယမန်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)