အင်းစိန်မြို့နယ်၌ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Pfizer များကို ဒုတိယအကြိမ်ထိုးနှံပေး

ရန်ကုန်   နိုဝင်ဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများကို သက်မှတ်ထားသည့်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေးကျွမ်းကျင်ပညာရှင် ဝန်ထမ်းများက  အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်သတ်မှတ်ထားသော နေရာများတွင် လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး Germany နိုင်ငံထုတ် Pfizer ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံလိုလျှင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးများ ကျောင်းပြင်ပကလေးများကို (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်စာရင်းသွင်းပြီး)နှင့် ကျောင်းနေသောကလေးများကို (မြို့နယ်ပညာရေးမှူးရုံးတွင်စာရင်းပေးပြီး)  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လာရောက်ထိုးနှံနိုင်ပါသည်။

အဆိုပါကာကွယ်ဆေးကို ပထမအကြိမ်ဆေးထိုးပြီး ၂၁ ရက်ခြား၍ ထပ်မံထိုးနှံရမည်ဖြစ်ပါသည်။ ဖျားနေသည့်ကလေးများ၊ အတက်ရောဂါရှိသည့်ကလေးများနှင့် မွေးရာပါနှလုံးရောဂါရှိသည့်ကလေးများ၊ တခြားကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူများကို ထိုးနှံခြင်းမပြုရပါ။ ဆေးကို ပထမဆုံးအကြိမ်သာထိုးနှံပေးပြီး BOOSTER အနေဖြင့် ထပ်မံမထိုးနှံရကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)