နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပန်းအလှထိုးနည်းသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပြသ

နောင်ချို နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍  ပန်းအလှထိုးနည်းသင်တန်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသူများကို Women Club အဖွဲ့မှ သင်တန်းနည်းပြ ဆရာမ ဒေါ်ရွှေဇင်ဦးက စက်ဝိုင်းပုံပန်းထိုးနည်း၊ ပန်းခြင်းပန်းထိုးနည်း၊ ယပ်တောင်ပုံပန်းထိုးနည်း စသည့် ပန်းအလှထိုးနည်း ပညာရပ်များကို လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းအလှထိုးနည်းသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နောင်ချိုမြို့နယ်ရုံးမှ ဝန်ထမ်းများ Women Club နှင့် Youth Club အသင်းများမှ အဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသူ(၁၀)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

         

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)