မိတ္ထီလာ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မြို့နယ်စာရေးဆရာအသင်းက စီစဉ်ဆောင်ရွက်သော ၂ဝ၂၂ ခုနှစ် စာဆိုတော်အနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၂) ပညာရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌထံမှ ပေးပို့သော ၂ဝ၂၂ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ဖတ်ကြားသည်။ ထိုနောက် ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများ ဝတ္ထုတိုပေါင်းချုပ်ဖြင့် ၂ဝ၂ဝ ခုနှစ်စာပေဗိမာန်စာမူဆု တတိယဆုနှင့် အလင်းမီးတိုင် နေလပြိုင်၍ ထွန်းလင်းပြလိုက်ချင် ဝတ္ထုရှည်ဖြင့် ၂ဝ၂ဝ ခုနှစ် ပခုက္ကူစာပေဆု ဝတ္ထုရှည်ပထမဆု ရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် ခေတ်စမ်းချိန် ကဗျာပေါင်းချုပ်ဖြင့် ၂ဝ၂ဝ ခုနှစ် ပခုက္ကူ စာပေဆု ကဗျာပေါင်းချုပ် တတိယဆု ရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ကဗျာဆရာ ကြည်သိန်းဇော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက်မြို့နယ် စာရေးအသင်းက ကျင်းပခဲ့သော စာဆိုတော် အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပခဲ့သော ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသူကျောင်းသားများနှင့် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ကျင်းပသော စာဖတ်ဝိုင်း၌ စဉ်ဆက်မပြတ် တက်ရောက်ဆွေးနွေးခဲ့သည့် Book Club အသင်းဝင်တစ်ဦးတို့အား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ စာဆိုတော်နေ့အကြောင်း သိကောင်းစရာများနှင့် စာပေရေးရာများကို ကဗျာဆရာ ကြည်သိန်းဇော်က ဟောပြောခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ ကဗျာဆရာ၊ စာရေးဆရာများက စာဆိုတော်နေ့အတွက် ဂုဏ်ပြုကဗျာများကို ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ