ပုဇွန်တောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှု ကြစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမိုးကျော်ကျော်က “အားကစားနှင့်ဗလငါးတန်”ခေါင်းစဉ်ဖြင့် လူငယ်များကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ နွေရာသီအားလပ်ရက်ရှည်ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိရှိအသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာသိကောင်းစရာတို့ကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ အထက(၁)မှ ဆရာမများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားကို ပုဇွန်တောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ကျော်၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့်ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်