လားရှိုး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ် သိပ္ပံရတနာခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က ၂၀၂၂-၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိ သူများ၊ ပါမောက္ခဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းပေးအပ်ရာ နည်းပညာတက္ကသိုလ်(လားရှိုး) ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် နည်းပညာတက္ကသိုလ်(လားရှိုး)မှ ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်းပြသထားသော Project ပစ္စည်းများနှင့် နည်းပညာတက္ကသိုလ်(လားရှိုး)မိသားစု၏ စတုဒိသာဖြင့်ဧည့်ခံနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး