ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ကဘရန်ခူးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲချိန်က အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် "ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ခေါင်းစဥ်ဖြင့် ကျန်းမာသန်စွမ်း စိတ်ရွှင်လန်းမှ ပျော်ရွှင်ခြင်း၊ ကျန်းမာရေးအတွက် လူတစ်ဦးလျှင် နေ့တိုင်းအနည်းဆုံးနာရီဝက် မိနစ်(၃၀)ခန့် လမ်းလျှောက်သင့်ကြောင်း၊ ကျန်းမာသန်စွမ်းမှ ကျောင်းစာများ၊ ဗဟုသုတများ မှတ်ဉာဏ်ကောင်းကောင်းဖြင့် လေ့လာဖတ်ရှု့ မှတ်သားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျေအားနာက ဘွဲကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီမှ ပြုစုရေးသားသည့် "ဝိုင်းလုပ်ဝိုင်းကူကြပါစို့" စာအုပ်ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားပုံပြင် (၁၇)အုပ်ကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့်ငှားရမ်းဖတ်ရှု့စေကာ ကျောင်းသား၊ ကျောင်းသူများက မိမိဖတ်ရှု့သည့် စာအုပ်ပါအကြောင်းအရာများဖြင့် ပျော်ရွှင်စွာဖတ်၊ မှတ်စွမ်းရည်တစ်ဦးချင်း ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ဖတ်၊မှတ် စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခြင်းအားဖြင့် "ဒီကလေးတွေ အနာဂတ်မှာ ခေါင်းဆောင်တွေဖြစ်လာမယ့် ကလေးများဖြစ်တဲ့အတွက် အများသူရှေ့ ကိုယ်ရှေ့မှာ တုန်လှုပ်ခြင်း၊ ကြောက်စိတ်များ မရှိပြောရဲ၊ ဆိုရဲသတ္တိရှိလာ အောင်လေ့ကျင့်ပေးခြင်းဖြစ်တယ်ဟု" ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်ကပြောသည်။
April moe(ဆွမ်ပရာဘွမ်)