မော်လမြိုင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်အတွင်း ငါးသယံဇာတများ တိုးပွားစေရေး၊ ဒေသတွင်းငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးစားသုံးမှုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း ရေပြင်ကျယ်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇:၃၀) အချိန်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ သံလွင်မြစ်အတွင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ သထုံငါးလုပ်ငန်းစခန်းမှထုတ်သော (၂လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၁၄၀၀၀၀)ကောင်နှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)အား သံလွင်မြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)