"ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင်ကွင်းဆင်း ဆောင်ရွက်ပေး

ဟိုပန် နိုဝင်ဘာ ၂၃

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် "ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီက နမ့်တစ်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က "ဝ"အထူးဒေသရှိ တိုင်းရင်းသားပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက် ပေးမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ဆောင်ရွက်ကြခြင်းဖြင့်ရရှိလာမည့် အခွင့်အရေးများနှင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် အဖွဲ့အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွှန့်က ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ "ဝ"အထူးဒေသ(၂) နမ့်တစ်မြို့မှ မြို့မိမြို့ဖ ဦးလူရှင်းကြာ၊ ဒုတိယ မြို့နယ်မှူး ဦးဆမ်ကား နှင့် ဦးညီကားတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၊ "ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့မှ  တာဝန်ရှိပုဂ္ဂိုလ်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် နမ့်တစ်မြို့၊ မြို့ပေါ်  ရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၁)၊ (၂)၊ (၃) မှ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့မှ ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)