ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၉) အခြေခံပညာ အထက်တန်း ကျောင်းစာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက မိုဘိုင်းစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့် ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သုတရသစာအုပ် (၃၅၀) အုပ် ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)