ဥတ္တရသီရိ စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပိုးစားတောကျေးရွာတွင် ကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပိုးစားတောကျေးရွာ ကုန်ထုတ်လမ်း (မြေသား/ရိစာ) ခင်းခြင်းလုပ်ငန်း အရှည်(၅)မိုင် (၆.၁၈) ဖာလုံ၊ အကျယ် (၁၂)ပေ၊ ထု (၂)ပေ (၉)လက်မကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၃၀.၄၆)သန်းဖြင့် ရွှေဝင့်မြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစည်သူအောင် ထံမှ သိရသည်။
အဆိုပါလမ်း မဖောက်လုပ်ခင်က ရိုးချောင်းကြီးဖြစ်ပြီး တောင်သူများ၏ ဒေသထွက်ကုန်များ ရောင်းချရာတွင် သွားလာရသည်မှာ အခက်အခဲဖြစ်ခဲ့ရာ၊ ယခုကဲ့သို့ ဖောက်လုပ်ပြီးစီးသွားသည့် အတွက် ပိုးစားတောကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေဧက (၁၀၀၀)ကျော်မှ ထွက်ရှိသည့် ဒေသထွက်ကုန်များကို လွယ်ကူစွာ တင်ပို့ရောင်းချနိုင်တော့မည် ဖြစ်သည့်အပြင် ကျေးရွာအတွင်းရှိ လူမှုရေး၊ စီးပွားရေးနှင့် အခြားလုပ်ငန်းများကိုပါ ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်ကြောင်း ဒေသခံပြည်သူ ဦးထွန်းထွန်းဦး ထံမှ သိရသည်။
အောင်ကို(ပြန်/ဆက်)