ကျောက်တန်းမြို့နယ်တွင် Quarantine Centre  များ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်း စစ်ဆေး

ကျောက်တန်း စက်တင်ဘာ ၂၁


ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ  မိုးလုံလေလုံအားကစားရုံနှင့် အ.ထ.က(ခွဲ) အေးမြသီတာကျောင်းတို့၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိခဲ့သူများအား Primary Contact အဖြစ် အနီးကပ် စောင့်ကြပ်ကြည့်ရှုနိုင်ရန် Quarantine Centre  အဖြစ် ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းဆောင်ရွက်မှုတွင်  Community Based Facility Quarantine Centre  များတွင် ထားရှိ ဆောင်ရွက် ထားသော ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာများနှင့်ထိတွေ့မှုရှိခဲ့သူများ အဆင်ပြေစွာ နေထိုင် စားသောက်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်ထားမှုများနှင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ နေထိုင်ရေးတို့ကို ယမန်နေ့ ညနေပိုင်းက တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက Community Based Facility Quarantine Centre  အဖြစ် ဆောင်ရွက်ထားရှိသော ကျောက်တန်းမြို့ ရွှေမှော်ဝန်း သာသနာ့ဗိမာန်၊ မိုးလုံလေလုံ အားကစားရုံနှင့် အ.ထ.က(ခွဲ) အေးမြသီတာကျောင်းတို့၌ စီစဉ်ဆောင်ရွက်ထားမှုများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် Community Based Facility Quarantine Centre  များ၌ ဆောင်ရွက်လျက် ရှိသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက Quarantine Centre  နှင့်ပတ်သက်ပြီး ဆောင်ရွက် ထားရှိမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲ များကို တင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင်  Quarantine  Centre  အဖြစ် လက်ရှိအချိန်ထိ ရွှေမှော်ဝန်း သာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အေးမြ သီတာကျောင်းတို့တွင်  Quarantine Centre များ အဖြစ်ထားရှိ ဆောင်ရွက်ထားကြောင်း သိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)