တံတား နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုနှင့်စီမံခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က လူငယ်နှင့်အနာဂတ် စီမံကိန်းခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် အောင်မြင်မှုတွင်ဖခင်တရာရှိသည်။ ရှုံးနိမ့်မှုကားမိဘမဲ့သားဖြစ်သည်။ ဟူသော အင်္ဂလိပ်ဆိုရိုးစကားရှိကြောင်း မိမိနှစ်သက်ရာပန်းတိုင်ကိုရွေးချယ်၍ မိမိဝါသနာပါရာ၊ စိတ်ပါဝင်စားရာကို ဇွဲရှိရှိဖြင့် ကြိုးစားသင့်ကြောင်း၊ လူတစ်ဦးချင်းစီ၏လှပသော အိမ်မက်များသည် နိုင်ငံတော်ကြီးအတွက် တိုးတက်ဖွံ့ဖြိုးသာယာရေး လမ်းကြောင်း ပင်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏အနာဂတ်စီမံကိန်းအတွက် အချိန်ရသမျှဆည်းပူးလေ့လာ၍ လက်တွေ့လေ့ကျင့်သင့်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် မောင်သီဟသူ ကလောကဓံနှင့်အားမာန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် မရှင်းသန့်မွန်က ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)