စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) မှ ရဲတပ်ဖွဲ့ဝင်များက (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေး၊ စက်တင်ဘာ ၂၁

စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) မှ ရဲတပ်ဖွဲ့ဝင်များက (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမကျောင်းတိုက်အတွင်း၌ ပြုလုပ်ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းမပြုလုပ်မီ စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအောင်ဦးဆောင်၍  ဒုတိယရဲမှူး ရဲအောင်နှင့် အရာရှိအရာခံ၊ အကြပ်တပ်ဖွဲ့ဝင်များက မဟာဓမ္မိကာရာမကျောင်းတိုက်မှ မိတ္ထီလာကျောင်းဆရာတော်ထံသို့ ဆန် (၂၄) ပြည်ပါ သုံးအိတ်၊ ဆီ(၅)ပိဿာပါနှစ်ပုံးနှင့် နှာခေါင်းစည်းတစ်ဘူး(၅၀)ပါခြောက်ဘူးတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ ရေစက်ချတရားနာယူကြည်ညိုကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ကြရာ မဟာဓမ္မိကာရာမကျောင်းတိုက်အတွင်းရှိ မြောင်းအတွင်းမှ မြောင်းစာအမှိုက်သရိုက်များဆယ်ယူရှင်းလင်းခြင်း၊ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)