မိုးနဲ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်ပွဲ ကျင်းပနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများကကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများရှိ (Grade-5)မှ (Grade-9)အထိ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှု စွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်နှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)